International News

အမေရိကန်နိုင်ငံသို့တင်သွင်းသည့် သစ်၊ ပြုပြင်ပြီးသစ်သားနှင့် အခြား သစ်တောထွက်ပစ္စည်း သွင်းကုန်များကို ထိန်းညှိခြင်းဆိုင်ရာကြေညာချက် ထုတ်ပြန်ခဲ့

Last Updated:

၁။    အမေရိကန်သမ္မတအိမ်ဖြူတော်သည် အမေရိကန်နိုင်ငံသို့တင်သွင်းသည့် သစ်၊ ပြုပြင်ပြီးသစ်သားနှင့် အခြားသစ်တောထွက်ပစ္စည်း သွင်းကုန်များကို ထိန်းညှိခြင်း (Adjusting Imports of Timber, Lumber and Their Derivative Products into The United States) ဆိုင်ရာ ကြေညာချက် ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် အောက်ပါအဓိကအချက်များ ပါဝင်ပါသည် - 
    (က)    ပြုပြင်ပြီးသစ်ပွသား (Softwood lumber) သွင်းကုန်များအပေါ် သွင်းကုန်ခွန် (၁၀) ရာခိုင်နှုန်း (Global tariff) ချမှတ်ကြောင်း၊ 
    (ခ)    ဆိုဖာ၊ ကုလားထိုင်အပါအဝင် Upholstered furniture များကို သွင်းကုန်ခွန် (၂၅) ရာခိုင်နှုန်းချမှတ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ (၃၀) ရာခိုင်နှုန်းသို့ တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း၊ 
    (ဂ)    မီးဖိုချောင်သုံးဗီရိုနှင့် ဗီရိုနှင့်တွဲထားသည့် စားပွဲ၊ ခုံများ (Kitchen cabinet and vanities) များကို သွင်းကုန်ခွန် (၂၅) ရာခိုင်နှုန်းချမှတ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ (၅၀) ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း၊
    (ဃ)    အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအပေါ် သစ်သားသွင်းကုန်များ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို ဖော်ထုတ်ရန် အမေရိကန်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်း သည့် ကုန်သွယ်ဖက်နိုင်ငံများသည် တိုးမြှင့်သည့်သွင်းကုန်ခွန်ကို ဆိုင်းငံ့ရန် အခြား ရွေးချယ်စရာနည်းလမ်း ရရှိမည်ဖြစ်ကြောင်း၊ 
    (င)    ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် ဂျပန်တို့သည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေး အပေး အယူသဘောတူညီချက်များအရ အခြားနိုင်ငံများထက်ပိုသာလွန်သည့်ဆက်ဆံမှု ဖြစ်သော အထူးအခွင့်အရေးပေးဆက်ဆံခြင်း (Favorable treatment) ရရှိမည် ဖြစ်ပြီး ဗြိတိန်နိုင်ငံမှတင်သွင်းသည့် ပုဒ်မ -၂၃၂ အရ သွင်းကုန်ခွန်သတ်မှတ် ကောက်ခံသော သစ်တောထွက်ပစ္စည်းများကို သွင်းကုန်ခွန် (၁၀) ရာခိုင်နှုန်း ကျော်လွန်ကောက်ခံမည်မဟုတ်ကြောင်းနှင့် ဥရောပသမဂ္ဂနှင့် ဂျပန်နိုင်ငံတို့မှ တင်သွင်းသည့် ပုဒ်မ -၂၃၂ နှင့် အခြားနိုင်ငံများသို့ အနိမ့်ဆုံးကောက်ခံသည့်နှုန်းထား (Most – Favoured Nation tariff) အရ သတ်မှတ်ကောက်ခံသည့် သစ်တောထွက် ပစ္စည်းများကို သွင်းကုန်ခွန် (၁၅) ရာခိုင်နှုန်း ကျော်လွန်ကောက်ခံမည် မဟုတ် ကြောင်း၊ 
    (စ)    ပုဒ်မ-၂၃၂ သွင်းကုန်ခွန်တွင် မပါဝင်သည့် ကုန်ပစ္စည်းများသည် အပြန်အလှန် သွင်းကုန်ခွန် ကျသင့်မည်ဖြစ်ကြောင်း၊ 
   (ဆ)    ရည်ရွယ်ချက်တူသောမိတ်ဖက်များအတွက် အလားအလာရှိသည့် သွင်းကုန်ခွန် ဆိုင်ရာ ပြင်ဆင်ချက်များ (Potential Tariff Adjustments for Aligned Partners, PTAAP) တွင် ပါဝင်သည့် ကုန်စည်များအပေါ် ဆက်ဆံမှုနှင့်ပတ်သက်၍ ယင်းပစ္စည်း များကို လျှော့ဈေးဖြင့်စုပုံတင်ပို့ရောင်းချခြင်း သို့မဟုတ် အစိုးရအထောက်အပံ့ရယူ တင်ပို့ရောင်းချခြင်းတို့ကြောင့် ထိခိုက်မှုအပေါ်ကုစားမှုအကောက်ခွန် (Antidumping or countervailing duty) ကောက်ခံသည်မှအပ ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း။ 
၂။    အမေရိကန်သမ္မတသည် ၎င်းအစိုးရတာဝန်ယူပြီး တစ်လကျော်အတွင်း အမေရိကန်နိုင်ငံ ၏ သစ်ထုတ်လုပ်မှုကဏ္ဍကို ချက်ချင်းတိုးချဲ့ဆောင်ရွက်ခြင်း (Immediate Expansion of American Timber Production) သမ္မတအမိန့်နှင့် သစ်တင်သွင်းမှုကြောင့် အမျိုးသားလုံခြုံရေး အပေါ် ခြိမ်းခြောက်မှုကို ဖြေရှင်းခြင်း (Addressing the Threat to National Security from Imports of Timber, Lumber)သမ္မတအမိန့်တို့ကို ၁−၃−၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးအား ကာကွယ်ရေးဝန်ကြီးနှင့် အခြားသက်ဆိုင်ရာဌာနအကြီးအကဲများနှင့် ဆွေးနွေးလျက် သစ်၊ ပြုပြင်ပြီး သစ်သားနှင့် သစ်တောထွက်ပစ္စည်းသွင်းကုန်များကြောင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သော အမျိုးသားလုံခြုံရေးဆိုင်ရာအန္တရာယ်များကို သုံးသပ်လျက် အမိန့်ထုတ်ပြန်သည့်ရက်မှ ရက်ပေါင်း (၂၇၀) မတိုင်မီ သမ္မတထံသို့ တင်ပြရန် ညွှန်ကြားခဲ့ပြီး နောက် စက်တင်ဘာလတွင် ယခုကဲ့သို့ သွင်းကုန်ခွန်များ တိုးမြှင့်ကောက်မည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့

Category: International News